U Hain Zun
Quick Facts
Biography
ဦးဟိန်စွန်းသည် မြန်မာကာတွန်း ပညာရှင် တစ်ဦးဖြစ်သည်။ ကာတွန်းဦးဟိန်စွန်းကို မော်လမြိုင်မြို့တွင် အဖ ဦးဟုတ်စိန် နှင့် အမိဒေါ်မြတို့မှ ၁၉၀၂-ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် မွေးဖွားသည်။
ငယ်ဘဝ
၁၉၁၈-ခုနှစ်နှင့် ၁၉၁၉-ခုနှစ်တွင် မြန်မာတပြည်လုံး ကျောင်းသားများ ပန်းချီပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုများ ရရှိခဲ့သည်။ ၁၉၂၃-ခုနှစ်တွင် ရန်ကုန်ရှိ တိုင်းမ်(Time) အင်္ဂလိပ် သတင်းစာ ကာတွန်းပြိုင်ပွဲ၌ ပထမဆု ရရှိခဲ့သေးသည်။ ပန်းချီပညာနှင့် ကာတွန်းပညာများကို ပန်းချီဦးဘဇော်နှင့် ကာတွန်း ဦးဘကလေး(ရွှေတလေး)တို့ ထံမှ သင်ကြားခဲ့သည်။ ဘားမားအတ်ကလပ်၌လည်း တက်ရောက်လေ့ကျင့်ခဲ့သည်။
ကာတွန်းဆရာဘဝ
ပထမဆုံးဖော်ပြခံရသော လက်ရာမှာ ၁၉၂၃ ခုနှစ်၊ ဘားမားဘွိုင်စာစောင်မှ "အမေနှင့် ငခွေး ကာတွန်းဖြစ်သည်။ အကြံပိုင်သော ငခွေး၊ ကျွန်ုတို့၏ ခေါင်းမာသော ကာတွန်း ကာတွန်းများဖြင့် နာမည်ကျော်ကြားခဲ့သည်။၁၉၂၉-ခုနှစ်၊ ကျောင်းသားဘဝတွင် ပထမဦးဆုံး မြန်မာကာတွန်းရုပ်ရှင် (ဦးကလိန် သီချင်း သရုပ်ဖော်) ကို ရေးဆွဲရိုက်ကူးခဲ့သည်။ကျောင်းနေဖက် ဦးသိန်း(စာရေးဆရာ ဇဝန) က ကူညီရေးဆွဲပေးခဲ့သည်။ ကာတွန်းဦးဘဂျမ်းနှင့် တွဲ၍ ၁၉၃၄-ခုနှစ်တွင် ကြက်တောင်ကွ ကိုလည်းကောင်း၊ ၁၉၃၅-ခုနှစ်တွင် အသူရာ ကိုလည်းကောင်း ကားတွန်းရုပ်ရှင်များရေးဆွဲ ရိုက်ကူး ဖန်တီးခဲ့သည်။၁၉၃၉-ခုနှစ်တွင် ပထမဦးဆုံးသော လခစားကာတွန်းဆရာ အဖြစ် မြန်မာ့အလင်း သတင်းစာမှ ခန့်အပ်ခဲ့သည်။ စာမဲ့ကာတွန်း အမြောက်အများ ရေးဆွဲ၍ မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့သည်။
ဘဝနိဂုံး
၁၉၈၇-ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်၊ ဘဏ်ရိပ်သာတိုက်ခန်း၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၅)နှစ် ရှိပြီ ဖြစ်သည်။မြန်မာ့အလင်း သတင်းစာတွင် ရေးဆွဲခဲ့သော အကြံပိုင်သော ငခွေး နှင့် ဂျာနယ်ကျော်တွင် ရေးဆွဲခဲ့သော ခေါင်းမာသော ကာတွန်းဆရာ တို့မှာ အထူးထင်ရှားလှသည်။