Min Nwe Soe
Quick Facts
Biography
ဒေါက်တာမင်းနွယ်စိုး(ခေါ်)ဦးထွန်းရီကို ၁၉၄၈ ခုနှစ်၊ မေလ(၂)ရက်နေ့တွင် မုဒုံမြို့နယ်၊ တော်ကူးကျေးရွာ၌ အဖ နိုင်ရွှေ၊ အမိ မိစောပုတို့မှ မွေးဖွားခဲ့သည်။
အထက်တန်းပညာကို မုဒုံမြို့ အထက(၁)တွင် ပညာသင်ယူခဲ့ပြီး ဆေးတက္ကသိုလ် (၁)နှင့် (၂)တွင် ဆေးပညာကို သင်ယူခဲ့သူဖြစ်ပြီး ဆေးပညာသည် ဆရာဝန်တစ်ဦးလည်းဖြစ်သည်။ ယင်းအပြင် ဆေးပညာဆိုင်ရာ အုပ်ချုပ်ရေးပညာကိုလည်း သင်ယူခဲ့သူဖြစ်သည်။ အစ္စရေးတွင် AIDS နှင့် ပတ်သက်ပြီး သင်ယူခဲ့သည်။
နိုင်ငံရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်များကို ကမ္ဘောဒီးယား၊ တူရကီ၊ ဆွီဒင်နိုင်ငံများ၌လည်းကောင်း၊ ရွေးကောက်ပွဲပညာ၊ ပါလီမန်စနစ်၊ လွှတ်တော်ပညာရပ်များကို ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်းကောင်း သင်ယူခဲ့သည်။
အစိုးရဝန်ထမ်းအဖြစ် ပြည်သူ့ကျန်းမာရေးဌာနများတွင် အဆင့်ဆင့်သောတာဝန်များထမ်းဆောင်ခဲ့ပြီး ကယားပြည်နယ်ကျန်းမာရေးဌာန ဦးစီးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။
မွန်အမျိုးသားအရေးကြိုးပမ်းမှုများ
တက္ကသိုလ်ကျောင်းသားဘဝကတည်းက မွန်အမျိုးသားအရေးကို လှုပ်ရှားခဲ့သူဖြစ်ပြီး မွန်အမျိုးသားဝတ်စုံ စတင်ဖော်ထုတ်သော လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင်ဦးဆောင်ပါဝင်ခဲ့သူဖြစ်သလို နွေရာသီမွန်စာပေ သင်တန်းများ ဖြစ်ပေါ်ရေးအတွက်လည်း ကြိုးပမ်းခဲ့သူတစ်ဦးအနေဖြင့် ပါဝင်ခဲ့သူလည်းဖြစ်သည်။
ဒေါက်တာမင်းနွယ်စိုးသည် မွန်စာပေယဉ်ကျေးမှုကော်မတီ၊ တက္ကသိုလ်များရန်ကုန်၏ စည်းရုံးရေးတာဝန်ခံအဖြစ်လည်းကောင်း၊ တက္ကသိုလ်မဂ္ဂဇင်း ထုတ်ဝေရေး အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၇၂-၇၃ ပြက္ခဒိန်ထုတ်ဝေရေး အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မွန်အမျိုးသားဝတ်စုံဖော်ထုတ်ရေး မုဒုံမြို့နယ်တာဝန်ခံအဖြစ်လည်းကောင်း၊ မော်လမြိုင်မြို့နယ်၊ ရန်ကုန်၊ ပဲခူးတို့အတွက် မွန်စာပေယဉ်ကျေးမှု ကော်မတီများပေါ်ပေါက်ရေးကို စည်းရုံးရေးမှူးအဖြစ်လည်းကောင်း၊ မော်လမြိုင်မြို့နယ် မွန်စာပေယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မွန်အမျိုးသားနေ့ကျင်းပရေး ကော်မတီ(မော်လမြိုင်)တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပြင် အဆင့်ဆင့်သော တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည့်အပြင် မွန်စာပေယဉ်ကျေးမှု ကော်မတီ (ဗဟို) အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။
နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှု
၂၀၁၀ အထွေထွေရွေးကောက်ပွဲကျင်းပမည့်ကိစ္စနှင့် ပတ်သက်ပြီး မွန်အမျိုးသားနိုင်ငံရေးပါတီတစ်ရပ် တရားဝင်နိုင်ငံရေးလမ်းကြောင်းတွင် ရှိသင့်သည်ဟူသော ယူဆချက်ဖြင့် ၂၀၀၉ ခုနှစ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် စတင်ထူထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
ကွဲပြားနေသော မွန်နိုင်ငံရေးပါတီများ ပြန်လည်စုပေါင်းဖွဲ့စည်းပြီး ပေါ်ထွက်လာသည့် မွန်ညီညွတ်ရေးပါတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ယူခဲ့သူလည်းဖြစ်သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာတာဝန်ခံအဖြစ်လည်းကောင်းတာဝန်ယူခဲ့ပြီး မွန်မှုသုတေသနစာတမ်း ဖတ်ပွဲများ၊ ပထမအကြိမ်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင်တက္ကသိုလ်တို့ ဦးဆောင်ကျင်းပသည့် သုဝဏ္ဏဘူမိစာတမ်းဖတ်ပွဲများကို ဦးဆောင်ကျင်းပခဲ့သလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် မွန်တိုင်းရင်းသား အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများ ကျင်းပခွင့်ရရေးအတွက် တာဝန်ယူ ကြီးကြပ်ခဲ့သူလည်းဖြစ်သည်။
အစိုးရကျောင်းများတွင် မွန်စာသင်ကြားခွင့်ရဖို့ လုပ်ဆောင်ခြင်း၊ မွန်ဆရာ ဆရာမများကို သင်ကြားရေးဆိုင်ရာ သင်တန်းပေးနိုင်ရန်အတွက်လည်းဆောင်ရွက်ခဲ့သည်။
အစိုးရအဖွဲ့ဝင်တာဝန်ရှိသူအဖြစ် နေ့စဉ်ထုတ် အစိုးရသတင်းစာများတွင် အပတ်စဉ် မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားဘာသာစကားများဖြင်ပါ ဖော်ပြထုတ်ဝေနိုင်ရန် ဦးဆောင်ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။
ယင်းအပြင် အစိုးရတာဝန်ရှိသူအဖြစ် ပြည်နယ်တွင်းဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသော အစုအဖွဲ့များ အတွက် ကောင်းမွန်စွာလုပ်ငန်းလည်ပတ်နိုင်ရေးအတွက် တာဝန်ယူကာ ပေါင်းစပ်ညှိနှိုင်းရေးကိုလည်း ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ချက်
ဒေါက်တာမင်းနွယ်စိုးသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း၊ မွန်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွင် အရပ်သားကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သလို ငြိမ်းဖောင်ဒေးရှင်း၏ မွန်ပြည်နယ်အကြံပေးအဖွဲ့ သဘာပတိအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။
သုတေသနဆောင်ရွက်ချက်များ
ဒေါက်တာမင်းနွယ်စိုးသည် မွန်မှုသုတေသနစာတမ်းဖတ်ပွဲများကျင်းပခြင်း၊ သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ခြင်း၊ ပျူ-မွန်ပြဿနာစာတမ်းကို ရေးသားတင်သွင်းခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ပဉ္စလိုင်စာအုပ်ကိုလည်း ရေးသားခဲ့သည့် အပြင် သောင်ရင်း၊ ဒေါန၊ မြဝတီ သုတေသနစာအုပ်၊ ပြောင်းလဲလာသော မွန်သတ်ပုံရေးထုံးသုတေသနစာအုပ်ကို ထုတ်ဝေခဲ့သည်။ ယင်းအပြင် သမိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ စာပေယဉ်ကျေးမှုဆိုင်ရာ သုတေသနဆောင်းပါးများစွာကို ရေးသားခဲ့သည်။
မော်လမြိုင်မြို့ မြို့ပြအမွေအနှစ်သုတေသနလုပ်ငန်းစဉ်များမှာလည်း တက်ကြွစွာ ပါဝင်ခဲ့သည်။
ဘဒ္ဒြဒေဝီစာပေတိုက်ကို ထူထောင်ခဲ့ကာ စာအုပ်ပေါင်းများစွာကို ထုတ်ဝေခဲ့ကာ ထင်ရှားသောစာအုပ်များမှာ မင်းကျော်ဌေးတွဲဖက်ရေးသားသော ဟံသာဝတီမွန်မင်းတို့၏ ရာဇဘိသေကနှင့် အခြားဆောင်းပါးများစာအုပ်၊ ဒေါက်တာမင်းတင်မွန်ရေးသားသော မွန်၊ မြန်မာစာပေပေါင်းကူးစာအုပ်၊ အမျိုးသားစာပေဆုရရှိခဲ့သော နိုင်စံဝင်း၏ သုဝဏ္ဏဘူမိ သုတေသနစာအုပ်၊ ရာမညမိုးစွေရေးသားသော မွန်ဂီတနိဒါန်း (မွန်၊ မြန်မာ)စာအုပ်၊ စစ်ကဲဦးရွှေနော်ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော်သမိုင်းပေါင်းချုပ်အပြင် ထွန်းဖောင်ဒေးရှင်းစာမူဆုရ ဒေါက်တာစောမြသက်အောင်ဘာသာပြန်သော မွန်ရာဇဝင်နှင့် စေတီတော်သမိုင်းပေါင်းချုပ်စာအုပ်များဖြစ်သည်။
ကွယ်လွန်ခြင်း
ဒေါက်တာမင်းနွယ်စိုးသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာ၌ ကွယ်လွန်ခဲ့သည်။